လူတိုင်းဆောင်ထားသင့်သော အိမ်သုံးဆေးဝါးများ
အိမ်မှာ နေထိုင်မကောင်းဖြစ်တဲ့အချိန်၊ ဆေးရုံဆေးခန်းသွားဖို့ အဆင်မပြေတဲ့ အရေးပေါ်အချိန်တွေမှာ လိုအပ်တဲ့ ဆေးဝါးတွေကို အိမ်တိုင်း ဆောင်ထားသင့်ပါတယ်။ အထူးသဖြင့် ဆရာဝန်ညွှန်ကြားချက်မလိုပဲ မိမိဘာသာ ဆေးဆိုင်မှာ ဝယ်ယူသောက်သုံးနိုင်တဲ့ အိမ်သုံးဆေးဝါးတစ်ချို့ကို ဆောင်ထားလို့ရပါတယ်။ ဘယ်လို အိမ်သုံးဆေးဝါးတွေကို ဆောင်ထားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) အကိုက်အခဲပျောက်ဆေးများ
ဖျားနာ၊ ကိုက်ခဲတာနဲ့ နာကျင်တာတွေအတွက် Pain Killers လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေး (ဥပမာ - Paracetamol, Ibuprofen)တွေကို အိမ်မှာ ဆောင်ထားသင့်ပါတယ်။ အမျိုးသမီးတွေ ရာသီလာစဉ် ကိုက်ခဲတတ်တဲ့အခါမျိုးမှာ သုံးစွဲနိုင်ဖို့ Mefenamic Acid ပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကိုလဲ ဆောင်ထားဖို့ လိုပါမယ်။ အကိုက်အခဲပျောက်ဆေးတွေကို အစာနဲ့တွဲပြီး သောက်ပေးဖို့ လိုသလို မလိုအပ်ပဲ ပမာဏများများ မသောက်မိဖို့ကိုလဲ သတိထားသင့်ပါတယ်။
(၂) အအေးမိနှာစေးပျောက်ဆေးများ
လူကြီး၊ ကလေး အရွယ်တိုင်းက မကြာခဏဆိုသလို အအေးမိတာ၊ နှာရည်ယို နှာစေး၊ နှာပိတ်တာတွေက ကြုံနေကြပါ။ ဒါကို သက်သာစေဖို့ဆိုရင် Cetrizine, Chlorpheniramine , Ioratadine ပါဝင်တဲ့ ဆေးဝါးတစ်ချို့ကို ဆောင်ထားဖို့ လိုပါမယ်။ ဒီဆေးတွေက ယားယံခြင်းနဲ့ ဓါတ်မတည့်ခြင်းတွေအတွက်လဲ အသုံးပြုနိုင်ပါတယ်။ ကလေးတွေအတွက် နှာခေါင်းအစက်ချဆေးရည်၊ နှာခေါင်းတွင်း သန့်စင်တဲ့ ဆေးရည်တွေကိုလဲ ကြိုတင်ဆောင်ထားတာက အကောင်းဆုံးပါ။
(၃) ချောင်းဆိုးပျောက်ဆေးများ
Dextromethorphan လိုမျိုး ချောင်းဆိုးသက်သာစေမယ့် ချောင်းဆိုးပျောက်ဆေးအရည်၊ အခဲ စတာတွေကို အိမ်သုံးဆေးဝါးအဖြစ် ဆောင်ထားဖို့ လိုပါတယ်။ တစ်ချို့သော ချောင်းဆိုးပျောက်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေ၊ ဆေးစွဲတဲ့ ပြဿနာတွေ ရှိနိုင်တာကြောင့် လိုအပ်တာထက် ပိုပြီး မသုံးစွဲဖို့ လိုပါတယ်။
(၄) အစာအိမ်ဆေးများ
လေထိုးလေအောင့် ဗိုက်ပြည့်၊ ဗိုက်ကယ်နဲ့ အစာမကြေတဲ့အချိန်တွေမှာ သောက်သုံးနိုင်မယ့် Aluminum Hydroxide , Simiethicone စတာတွေ ပါဝင်တဲ့ Antacid အစာအိမ်လေဆေးတွေကိုလဲ အမြဲဆောင်ထားဖို့ လိုပါတယ်။ ဝမ်းပျက်၊ ဝမ်းလျှော ပြဿနာများအတွက် ဓါတ်ဆား၊ Probiotics စတဲ့ ဆေးဝါးတွေကလဲ အိမ်တိုင်းအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
(၅) ထိခိုက်ရှနာပျောက် ဆေးဝါးများ
မတော်တဆထိခိုက်မိတာ ၊ ဒဏ်ရာတစ်ခုခု ရတဲ့အခါမှာ အလွယ်တကူ အသုံးပြုနိုင်ဖို့ လိမ်းဆေး၊ ပိုးသတ်ဆေးရည်အပြင် ဂွမ်း၊ ပတ်တီး၊ အရက်ပြန် စတဲ့ အိမ်သုံးအရေးပေါ်ပစ္စည်းတွေကိုလဲ ဆောင်ထားတာက အကောင်းဆုံးပါပဲ။
‘တန်ဆေး လွန်ဘေး’ ဆိုတဲ့အတိုင်း အိမ်သုံးဆေးဝါးတွေကိုလဲ လိုတာထက် ပိုပြီး မသုံးစွဲမိဖို့တော့ လိုသလို မသုံးစွဲခင်မှာ ဆေးညွှန်းကို သေချာဖတ်ပြီး ဆေးရဲ့ သက်တမ်းကုန်ဆုံးရက်ကိုလဲ စစ်ဆေးဖို့ လိုပါတယ်။
လူကြီးနဲ့ ကလေး သုံးစွဲရတဲ့ ဆေးပမာဏချင်း ကွဲပြားနိုင်တာကြောင့် ကလေးတွေမှာ ဆေးသုံးစွဲတဲ့အခါ အထူးသတိထားဖို့ လိုပါတယ်။ ဒါ့အပြင် ဆေးကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာ၊ အပူချိန်များလွန်းတဲ့နေရာတွေမှာ မထားသင့်ပါဘူး။ ကလေးတွေ အလွယ်တကူ လက်လှမ်းမမှီနိုင်တဲ့နေရာတွေမှာ ထားဖို့လဲ အရေးကြီးပါတယ်။
အိမ်သုံးဆေးဝါးတွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါပုံ၊ သုံးစွဲပုံတွေကလဲ လူတိုင်းသိထားဖို့ လိုအပ်တာကြောင့် ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)